Thursday, March 3, 2016

ပြိုင်ဘီးထဲမှာ မော်တာတွေ လျှို့ဝှက် ထည့်ထားနိုင်သလား...။

ပြိုင်ဘီးထဲမှာ မော်တာတွေ လျှို့ဝှက် ထည့်ထားနိုင်သလား...။
....
သတင်းတပတ်တာ နာမည်ကြီးပွဲ ၃ ခုကိုဆက်တိုက်တင်ပြပြီးတဲ့နောက် နည်းပညာဆိုင်ရာ ထူးဆန်းထွေလာသတင်းတပုဒ်ကို တင်ပြချင်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်တော့ ဘယ်လိုမှမဖြစ်နိုင်တဲ့သတင်းမျိုးလို့ထင်ပါတယ်။ ဘာကြောင့်လဲဆို ပရိုစက်ဘီးသမားတွေဟာ သူတို့စက်ဘီးတွေရဲ့ ကို်ယ်ထည် ထဲ (အလယ်ဂီယာအုံထဲ) မှာ အလွန်သေးငယ်တဲ့ မော်တာကို လျှို့ဝှက်တပ် ထားနိုင်တယ်ဆိုပြီး စွပ်စွဲချက်ထွက်ပေါ်လာတဲ့သတင်းပါ။

စက်ဘီးဝါသနာရှင်တွေ မှတ်မိကြဦးမယ်ထင်ပါတယ်။ မနှစ်က အီတလီပွဲ Giro d’Italia မှာ ပန်းရောင်အကျီရသွားသူ (ဒီနေ့ Volta ao Algarve မှာ ပထမ ရသူ) Alberto Contador (Spa) Tinkoff ဟာ ဒုတိယ သတင်းပတ် တောင် တက်ပွဲတခုအတွင်း မြေပြန့်ကနေ တောင်အတက်သို့အကူးမှာ စက်ဘီးကို အသစ်လဲလိုက်ပါတယ်။


အဲဒီလို အသစ်လဲလိုက်တဲ့စက်ဘီးရဲ့အတွင်းထဲမှာ လျှို့ဝှက်မော်တာ ပါနိုင် တယ်ဆိုပြီး သူ့ရဲ့ပြိုင်ဖက်တဦးက စွပ်စွဲခဲ့ပါတယ်။ အဲဒီနောက် Alberto Contador ရဲ့ စက်ဘီးအပါဝင် နာမည်ကြီးတွေရဲ့ စက်ဘီးအတော်များများကို UCI နည်းပညာအဖွဲ့က စစ်ဆေးခဲ့ပါတယ်။ ဒါပေမဲ့ ဘာမှမတွေ့ခဲ့ပါဘူး။
တခါ ဇူလလိုင်ကကျင်းပခဲ့တဲ့ Tour de France မှာလည်း အလားတူစွပ်စွဲချက် ထပ်ပေါ်လာပြန်တဲ့အတွက် အ၀ါရောင်အကျီရသွားသူ Christopher Froome (UK-Sky) ရဲ့ ဘီးအပါဝင် နာမည်ကြီး စက်ဘီးသမား တဒါဇင်ကျော်ရဲ့ ဘီးတွေ ကို စစ်ဆေးပြန်ပါတယ်။ ဒါပေမဲ့ ဘာမှ ထူးထူးခြားခြားမတွေ့ခဲ့ပါဘူး။
ဒါပေမဲ့ ဒီနှစ် ၂၀၁၆ အစောပိုင်းရာသီကကျင်းပတဲ့ World Cyclo-cross World Championships ပွဲမှာတော့ ဒီလို လျှို့ဝှက်မော်တာတပ်ထားတဲ့ ဘီးကို UCI က စစ်ဆေးတွေ့ရှိသွားခဲ့ပါတယ်။ (စာရေးသူကိုယ်တိုင် အသေး စိပ်နားမလည်သေးပါ)။
ဒါကြောင့် လာမဲ့သီတင်းပတ် စနေ-တနင်္ဂနွေမှာစတင်မဲ့ Omloop Het Nieuwsblad ပွဲအမှီ ယူရွန် ၅ သောင်းပေးရမဲ့ ဈေးကြီးလှတဲ့ စစ်ဆေးရေး ပစ္စည်းကို ၀ယ်ယူဖို့ ဘရယ်ဂျီယံ စက်ဘီးအဖွဲ့ချုပ်က ဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။
UCI ကနေ နည်းပညာဆိုင်ရာ စစ်ဆေးမှုတွေအတွက် ဆောင်ရွက်နေပေမဲ့ အခုချိန်အထိ တိကျတဲ့စစ်ဆေးရေးပစ္စည်းထုတ်မပေးနိုင်သေးတာကြောင့် အဲဒါကိုစောင့်မနေတော့ပဲ ကိုယ်ဘာသာ ၀ယ်လိုက်ရတာဖြစ်တယ်လို့ ဘလ ဂျီယံ စက်ဘီးအဖွဲ့ချုပ်ကပြောပါတယ်။
စနေ-တနင်္ဂနွေမှာစတင်မဲ့ပွဲဆီ လက်ရှိကမ္ဘာ့ချန်ပီယံ ပီတာဆာဂန်အပါဝင် နာ မည်ကြီးအတော်များများဝင်ပြိုင်ကြမယ်လို့သိရပါတယ်။ (ဒီနည်းပညာဆိုင်ရာ ကိစ္စကို ထပ်မံလေ့လာပြီး တင်ပြပေးပါဦးမယ်)။ ။

No comments:

Post a Comment